ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်သည့်အားလျှော်စွာ ဗုဒ္ဓဘာသာကောင်း တစ်ယောက်ဖြစ်ရန် လိုအပ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်ချက်အရ ကျွန်တော်သည် မိဘကျေးဇူးကို တတ်နိုင်သမျှပေးဆပ်ရန် အတွက်နှင့် ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒ္ဓဘာသာအကြောင်း တိကျသေချာစွာ နားလည်ရန် နှင့် ဗုဒ္ဓဘာသာကောင်းများ ဖြစ်ရန်အတွက် ရည်ရွယ်၍ ဤဘလော့ဂ်ကို ဖန်တီးခြင်းဖြစ်ပါသည်။

ဗုဒ္ဓဘာသာအိမ်တိုင်း၌ ရုပ်ပွားဆင်းတု ထားရှိကိုးကွယ်ခြင်း

Posted in

(က) မျက်နှာတော်၏ ငြိမ်းအေးမှု


မြတ်ဗုဒ္ဓ၏ ရုပ်တု၊ ရုပ်ပွားတော်၊ ဆင်းတုတော်များတွင် ထူးခြားသည့် ဝိသေသလက္ခဏာနှင့် အရည်အချင်းများ ရှိ၏။ မည်သည့် ရုပ်ပုံ၊ ရုပ်တုနှင့်မျှ မတူသော ထူးခြားချက်များ ဖြစ်သည်။ ၎င်းထူးခြားချက်မှာ မြတ်စွာဘုရား၏ ပုံတော်၌ ငြိမ်းအေးမှု ပေါ်နေခြင်းပင် ဖြစ်ပါသည်။ မြတ်စွာဘုရားသည် ကိလေသာ ဆယ်ပါး လုံးဝကင်းပြီး အရဟတ္တဖိုလ်၊ နိဗ္ဗာန်ကို အာရုံပြုနေသူ ဖြစ်သဖြင့် အတွင်းရေး ငြိမ်းအေးနေ၏။ အတွင်းစိတ် ငြိမ်းအေး၍ ကိုယ်တော်မြတ်၏ မျက်နှာတော်သည် မည်သည့် ရုပ်တု၊ ဆင်းတုနှင့်မျှ မတူအောင် ထူးခြားနေရခြင်း ဖြစ်ပါသည်။

မြတ်ဗုဒ္ဓ၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာ၊ ရှစ်ဆယ်သော လက္ခဏာ စသည့် ပြင်ပ ရုပ်ပိုင်းဆိုင်ရာ ညီညွတ်မှုများအပြင် နှလုံးတော်မြတ်ရှိ မြတ်စွာဘုရား၏ တရားဓမ္မအအေးဓါတ်ကြီး၊ ဓမ္မဓါတ်ကြီးကို မျက်နှာတော်ပေါ်တွင် ထင်ရှားစွာ ဖူးတွေ့ရပါသည်။

မန္တလေး မဟာမြတ်မုနိဘုရားကြီးကို ဂရုတစိုက် လေ့လာကြည့်လျှင် ကိုယ်တော်မြတ်၏ ထူးခြားသည့် မျက်နှာတော် ငြိမ်းအေးမှုများ တွေ့ရှိပါမည်။ ကိုယ်တော်မြတ်၏ မျက်နှာတော်မှာ ဓမ္မဓါတ်၊ နိဗ္ဗာနဓါတ်၊ ငြိမ်းအေးမှုဓါတ်ပြည့်ဝစွာ လွှမ်းမိုးနေပြီး သမာပတ်ဝင်စား၍ အလွန်တရာ ငြိမ်းအေးနေပုံကို ဖူးတွေ့ရပါမည်။


(ခ) ရုပ်ပွားဆင်းတု ပူဇော်ပုံ ပူဇော်နည်း


ဗုဒ္ဓဘာသာအိမ်တိုင်းတွင် မြတ်ဗုဒ္ဓ၏ ရုပ်ပွားဆင်းတုများကို ကိုးကွယ်ပူဇော်ကြပါသည်။ မြတ်စွာဘုရားစင်ကို အိမ်ဦးခန်းမှာသာ အမြင့်အမြတ်ထားရပါသည်။ လှေကားအောက် စသည်မှာ မထားရ။ အနိမ့်မှာ မထားရ၊ မြေညီမှာ မထားရ၊ အမြင့်အမြတ် နေရာမပေးနိုင်လျှင် မထားသည်က ကောင်းပါသည်။ ယုတ်နိမ့်သော နေရာ၌ ဘုရားထားလျှင် နေ့စဉ် ငရဲကြီးနေ၏။ ဘေးဥပဒ်ကျရောက်ပါလိမ့်မည်။ မြတ်ဗုဒ္ဓ၏ရုပ်ပွား ဆင်းတုများကို ထားရှိပြီး ပူဇော်နည်း၊ ရှိခိုးနည်းများ စနစ်တကျ ရှိရပါမည်။ အိမ်တစ်အိမ်တွင် မြတ်ဗုဒ္ဓ၏ ရုပ်တုကို ပင့်ယူ ပူဇော်ပြီ ဆိုသည်နှင့်တပြိုင်နက် ရှေးဦးစွာ ရုပ်တုတော်ကို အနေကဇာတင်ရမည် ဖြစ်ပါသည်။ အနေကဇာတင်ခြင်းဆိုသည့် ဝေါဟာရမှာ ဘုန်းကြီးများရွတ်သည့် စကားမှ ရသည့် ဝေါဟာရဖြစ်သည်။

- အနေကဇာတိသံဿရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။

- ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

- ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ။

- သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋ္ဋံ ဝိသင်္ခတံ။

- ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဇျဂါ။

ဤကား မြတ်စွာဘုရား ဘုရားဖြစ်ဖြစ်ချင်း ကျူးရင့်တော်မူသည့် ဥဒါန်း စကားတော်ပင်ဖြစ်ပါသည်။ ဆိုလိုရင်းမှာ-

“ငါ၏ ဘဝခန္တာအမျိုးမျိုးကို တည်ဆောက်လာသော ဟယ်တဏှာလက်သမား-ငါသည် သင့်ကို အမှန်တကယ်မသိခဲ့သောကြောင့် သင့်ကိုရှာဖွေယင်း ဘဝများစွာ သံသရာပတ်လုံး တပြောင်းပြန်ပြန် ကျင်လည် ပြေးသွားခဲ့ရတယ်။ ယခုမူ ငါသည် သင့်ကိုတွေ့ပြီ။ ဤအချိန်ကစပြီး သင်သည် ငါ့အတွက် ဘဝခန္ဓာအသစ် ထပ်မံဖြစ်အောင် လုပ်ခွင့်ရတော့မည်မဟုတ်။ ငါသည် သင့်ခန္ဓာအိမ်ရဲ့ အခြင်ရနယ်တွေကိုလဲ ဖျက်ချလိုက်ပြီ၊ အမိုးအစွန်းအတွက်ကိုလဲ လှဲလိုက်ပြီ၊ ယခုငါ့စိတ်သည် သင်၏နယ်ပယ်မှ လုံးဝကင်းလွတ်သော နိဗ္ဗာန်ကို မြင်နေပြီ၊ ငါ့ရဲ့စိတ်သည် သင်တဏှာရဲ့နယ်မှ လွတ်ပြီကျွတ်ပြိ”-

ဟူ၍အဓိပ္ပါယ်ရပါသည်။ဤကဲ့သို့ အနေကဇာတင်ပြီးသည်နှင့် အသက်ရှိသော မြတ်စွာဘုရားကဲ့သို့ သဘောထားရပါမည်။

မြတ်ဗုဒ္ဓ၏ ရုပ်တုကို အနေကဇာတင်ပြီးနောက် ပူဇော်ကိုးကွယ်လျှင်ဂုဏ်တော်ကိုးပါးကို လေးစားသည့် စိတ်နှင့် ဆွမ်းတော်ပွဲကို စနစ်တကျကပ်လှူပူဇော်ရပါမည်။ ထိုသို့ ကပ်လှူပူဇော်ရာတွင် မြတ်စွာဘုရားအား မိမိတို့၏ စားဦးစားဖျားများ ကပ်လှူပူဇော်ခြင်းကို မြတ်စွာဘုရားထံ စိတ်ရောက်ပြီး လှူဒါန်းနေခြင်းဟု မှတ်ယူထားရပါမည်။ မြတ်စွာဘုရားအား ဆွမ်းတော်ပွဲ ကပ်လှူပြီး၍ ပြန်စွန့်လာသည့်အခါ စေတနာ ပြတ်သားစွာဖြင့် သတ်သတ်မှတ်မှတ် လှူဒါန်းထားခြင်း ဖြစ်သောကြောင့် လူများစားရန် မသင့်ဟု မှတ်ယူရပါမည်။


(ဂ)ရုပ်ပွားဆင်းထု ပူဇော်ရသည့်အကျိုး


မြတ်စွာဘုရား၏ ရုပ်ပွားဆင်းတုတော်ကို ပူဇော်ရှိခိုးကြသည် သူ့များမှာ “သက်တော်ထင်ရှား မြတ်စွာဘုရားပါတကား” ဟုဂုဏ်တော်ကိုးပါးကို စိတ်ရောက်ပြီးကြသူများ ဖြစ်ကြပါသည်။ ဤကဲ့သို့ ပူဇော်ကိုးကွယ်ကြမည်ဆိုလျှင် “သမေ စိတ္တေ သမံ ဖလံ” ဆိုသည့် ဘုရားဟောပါဠိတော်အရ အကျိုးထူးများ ရရှိနိုင်ပါသည်။

“ စိတ္တေ၊ မိမိ၏စိတ်သည်။ သမေ၊ သက်တော်ထင်ရှား မြတ်စွာဘုရားနဲ့ ရုပ်တုဆင်းတုတော်နဲ့ အညီအမျှ ထားနိုင်သည်ရှိသော်။ သမံ ဖလံ၊ ဘုရားအစစ်ကို ပူဇော်ရသကဲ့သို့ အကျိုးတရား အတူတူပင် ရရှိနိုင်ပါသည်။”

ထို့ကြောင့် ရုပ်ပွားဆင်းတု ကိုးကွယ်ကြသူများ၏ စိတ်သည် အချုပ်ဖြစ်သည်။ မိမိစိတ်သည် စွမ်းလျှင် မိမိအား အကျိုးပေးစွမ်းမည်သာ ဖြစ်ပေသည်။


မိမိတို့၏ နေအိမ်များအသီးသီးတွင် ရုပ်ပွားဆင်းတု ကိုးကွယ်ထားပြီးသည်နှင့် လိုက်နာရမည့် စည်းကမ်းများရှိပါသည်။ ဘုရားစင်ကို သီးခြားစင်မြင့်နှင့် ကိုးကွယ်ထားရမည်။ စင်ကို ပိတ်လိုက်ကာ၊ သို့မဟုတ် ဇာလိုက်ကာဖြင့် ကန့်လန့်ကာရမည်။ မိမိအာရုံပြုပူဇော်လိုသည့် အချိန်တွင် ဘုရားစင်လိုက်ကာ ဆွဲဖွင့်၍ ပူဇော်ကိုးကွယ် ရပါသည်။


ဘုရားစင်ရှေ့ ဒူးထောင် ပေါင်ကား မနေရပေ။ မြတ်ဗုဒ္ဓကို အဂါရဝ ဖြစ်အောင် ပြုလုပ်နေထိုင်ကြလျှင် အပြစ်ဖြစ်ပါသည်။ အပြောအဆို ယဉ်ကျေးသိမ်မွေ့ ရပါမည်။ ဘုရားစင် ရှေ့ထားပြီး ဆဲဆိုခြင်း၊ ရန်ဖြစ်ခြင်းများ မပြုလုပ်ရပါ။ အမင်္ဂလာစကားများ မပြောဆိုမိခြင်းသည် အဓိကဖြစ်သည်။

မိမိတို့အိမ်တွင် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကို ဘုရားစင်နှင့် ကိုးကွယ်ထားခြင်းအားဖြင့် ဖော်ပြလတ္တံ့ပါ အကျိုးကျေးဇူး (၉) မျိုးကို ရရှိနိုင်ပါသည်။


(၁) ဘုရားစင်ရှိသည့်အတွက် ဘုရားကိုမြင်နေရခြင်း၊ ဘုရားဝေယျာဝစ္စပြုနေရခြင်း၊ ဘုရားကို ကိုင်းညွတ်သည့် စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရားတရားနှင့် ကင်းကွာမနေခြင်းပင် ဖြစ်သည်။


(၂) မြတ်စွာဘုရားကို ဖူးတွေ့ရခြင်းဖြင့် ဗုဒ္ဓဘာသာအပေါ် ပို၍ယုံကြည်မှုလေးနက်လာသည်။


(၃) အိမ်တွင် ဘုရားစင်ရှိလျှင် စနစ်တကျ ဆည်းကပ် ကိုးကွယ်မှု ပြုခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဥာဏ် ထက်မြက်ခြင်းများ ရှိလာသည်။


(၄) ကုသိုလ်တရားများ တိုးပွားလာသည်။


(၅) စိတ်ညစ်ညှုးမှုရှိလာလျှင် ဘုရားစင် ဘုရားရှင်ရှေ့တော်သို့ သွားပြီး ဘုရားပန်းလဲခြင်း၊ မြတ်စွာဘုရားကို အသေအချာကြည့် အာရုံပြုလိုက်ခြင်းဖြင့် စိတ်ညစ်ညုးမှုများ ပပျောက်လာသည်။ အမှားအယွင်းများ မပြုလုပ်မိတော့ပဲ ရပ်တန်းမှ ရပ်ပြီး စိတ်ကြည်နူးမှု ချက်ချင်းရရှိလာပါသည်။


(၆) အိမ်တွင် ဘုရားစင်ရှိသဖြင့် နာနာဘာဝ ဝိနာဘာဝများ၏ အနှောင့်အယှက်များမှ ကင်းပြီး မကြောက်မရွံ့ နေနိုင်ပါသည်။


(၇) ဆင်းရဲဒုက္ခကိုသည်းခံလာနိုင်သည်။


(၈) ဘုရားစင်ကိုပိုးမျှင် ဖုန်များ ကင်းစင်အောင် လှည်းကျင်းသုတ်သင်ပြီး ကျကျနန ထားလျှင် အိမ့်ကျက်သရေ၊ လူ့ကျက်သရေ၊ တက်ပြီး ဂုဏ်သိက္ခာများ တက်ပါမည်။


(၉) ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့် အတူပေါင်းသင်း နေရသကဲ့သို့ ဖြစ်ပြီး သူတပါး၏ ချီးမြှောက်ပူဇော်မှုကို ခံယူရရှိနိုင်ပါသည်။

ဗုဒ္ဓဘာသာဝင် အဖြစ်မှ ပျက်စီးပုံ

Posted in

(က) သရဏဂုံ ပျက်စီးခြင်း

ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးသည် ကိုးကွယ်အားထားရာဖြစ်သောကြောင့် “သရဏ” ဖြစ်၍ ထို“သရဏ” အပေါ်တွင် ယုံမှားတွေဝေမှုမရှိဘဲ ကြည်ညိုလေးမြတ် ဆည်းကပ်ကိုးကွယ်သော သဒ္ဓါ၊ ပညာစသည့် ကုသိုလ်စိတ်များသည် “သရဏဂုံ”ဖြစ်ပါသည်။

ယင်း “သရဏဂုံ” သည် “လောကီသရဏဂုံ”၊လောကုတ္တရာသရဏဂုံ” ဟူ၍ အခြေခံ အမျိုးအစား အားဖြင့် (၂)မျိုးရှိသည်။ လောကုတ္တရာသရဏဂုံဆိုသည်မှာ အရိယာပုဂ္ဂိုလ်တတို့အဖို့ သောတာပတ္တိမဂ်ဥာဏ် ဖြစ်ပေါ်ခိုက်ခဏမှာပင် ရတနာသုံးပါးအပေါ်၌ တွေဝေယုံမှားမှု၊ မယုံကြည်မှုများ ကင်းပြတ်ပြီး ဖြစ်သဖြင့် အထူးဆောက်တည်ရန် မလိုတော့ချေ။ အလိုလို သရဏဂုံ တည်ပြီး ဖြစ်၏။

လောကီသရဏဂုံမူကား ဖော်ပြလတ္တံ့ပါအတိုင်း (၄)မျိုးရှိ၏။

၁။ မိမိကိုယ်ကို ရတနာသုံးပါးအား အပ်နှင်ခြင်း (အတ္တသန္တွိယျာတသရဏဂုံ)။

၂။ မိမိကိုယ်ကို ရတနာသုံးပါး၏ တပည့်အဖြစ် ခံယူခြင်း (သိဿဘာဝူ ပဂမနသရဏဂုံ)။

၃။ မိမိကိုယ်ကို ရတနာသုံးပါးသာလျှင် ကိုးကွယ်လဲလျောင်းရာရှိသည် ၏အဖြစ်ကို ပြုခြင်း (ဝါ)

ရတနာသုံးပါးအပေါ် လုံးဝအားကိုးထားခြင်း(တပ္ပရာယဏတာသရဏဂုံ)။

၎။ ရတနာသုံးပါးအား ဝပ်တွားခယ မိမိကိုယ်ကို နှိမ့်ချ၍ အလွန် ရိုသေသော အခြင်းအရာကို ပြသခြင်း (ပါဏိပါတသရဏဂုံ)။

အမှတ်စဉ် (၄) ဖြစ်သော “ပါဏိပါတ သရဏဂုံ”တွင်-----

၁။ သာကီဝင်မင်းမျိုးတို့က ဘုရားရှင်အား ဆွေမျိုးအဖြစ်မှတ်ယူ၍ ရှိခိုးခြင်း၊ ခရီးဦးကြိုခြင်း၊ လက်အုပ်ချီခြင်း၊

၂။ အကြောက်တရားကို အခြေခံ၍ ရှိခိုးခြင်း၊ ခရီးဦးကြိုခြင်း၊ လက်အုပ်ချီခြင်း၊ အရိုအသေပြုခြင်းသည် သရဏဂုံ တည်ရာ မရောက်။

၃။ ဘုရားရှင်အား လောကီလမ်းညွှန် အဆုံးအမစကားကို နာယူရသောကြောင့် ဆရာအဖြစ်မှတ်ယူ၍ ခရီးဦးကြိုခြင်း စသည်ကို ပြုလုပ်ခြင်းသည် သရဏဂုံတည်ရာမရောက်။

၎။ သီလ၊ သမာဓိ၊ ပညာဂုဏ် စသည်တို့ကို ရည်မှတ်၍ ခရီးဦးကြိုပြုခြင်း၊ ရှိခိုးခြင်း၊ လက်အုပ်ချီခြင်းစသည် တို့ကို ပြုလျင် “ဒက္ခိဏေယျပါဏိပါတ” ဖြစ်၍ သရဏဂုံတည်သည်။

ထို့ကြောင့် ဆွေမျိုးညာတိအမှတ်ဖြင့်သော်လည်းကောင်း၊ ကြောက်၍သော်လည်းကောင်း၊ အတတ်ပညာသင်ပေးသူ ဆရာအဖြစ် မှတ်ယူ၍သော်လည်းကောင်း မည်သူ့ကိုမဆို ရှိခိုးဦးကြို စသည်ကိုပြုလျင် ဆောက်တည်ထားသော သရဏဂုံ ပျက်ယွင်းခြင်းမရှိချေ။

သို့ရာတွင် ရတနာသုံးပါးမှ တပါးသော ပုဂ္ဂိုလ်တို့၌ သီလ၊ သမာဓိ၊ ပညာ ဂုဏ်ကြီးမြတ်မှုကို ရည်မှတ်လျက် အထက်တွင် ဖော်ပြခဲ့သ်ည့် လောကီသရဏဂုံ ဆောက်တည်ပုံ (၄)မျိုးကို ပြုလုပ်လျင်သော်လည်းကောင်း၊ သရဏဂုံဆောက်တည်ထားသူ သေဆုံးသော်လည်းကောင်း သရဏဂုံ လုံးဝပျက်စီးသည်။

ရတနာသုံးပါး ဂုဏ်တော်များ၌ မသိနားမလည်ခြင်း၊ ရတနာသုံးပါးအပေါ် တွေဝေခြင်း၊ မှားယွင်းစွာယူဆခြင်း၊ မရိုမသေ မလေးမစားပြုတို့ကြောင့် ဆောက်တည်ထားသော သရဏဂုံ ညစ်နွမ်းခြင်း၊ ပျက်စီးခြင်းမရှိအောင် သတိဆောင်ကြရသည်။

မှတ်ချက်။ ။ဘုရားကိုပစ်ပယ်ပြီး နတ်ကိုဖြစ်စေ၊ တခြားသော ဘုရားအလောင်း (တရုတ်အန်းကုန်း) စသည်ကိုဖြစ်စေ ကိုးကွယ်ရာဟူ၍ ဆည်းကပ်မူကား သရဏဂုံ ပျက်သည်။

(ခ) အယူဝါဒပျက်စီးခြင်း

ဗုဒ္ဓဘာသာဝင်သည်-

(၁) ဘုရား၊

(၂) တရား၊

(၃) သံဃာ၊

(၄) ကံ၊ ကံ၏အကျိုး

(၅) အကြောင်း နှင့် အကျိုး ဆက်သွယ်ဖြစ်မှု (ပဋ္ဋိစ္စသမ္မပ္ပါဒ်)၊

(၆) အတိတ်ဘဝ၊ အနာဂတ်ဘဝ- တို့ကို ယုံကြည်ရသည်။

ဤ၌ကံဟူသည် ကုသိုလ်ကံ (ကောင်းသောအလုပ်)နှင့် အကုသိုလ်ကံ (မကောင်းသောအလုပ်)ပင် ဖြစ်သည်။ လောက၌ မည်သူမဆို ကောင်းတာလုပ်လျင် ကောင်းကျိုးကို ခံစားရသည်။ မကောင်းတာလုပ်လျင် မကောင်းကျိုးကို ခံစားရ၏။ မိမိပြုသော ကံသည် မိမိ၏ ကိုယ်ပိုင်ဥစ္စာ (ကမ္မဿကာ) မည်ပါသည်။ မိမိပြုလုပ်သော ကံအရ ဆိုးမွေ၊ ကောင်းမွေ (ကမ္မဒါယာဒ)ကို ခံယူရမည် ဖြစ်၏။ ဤသို့ စသည်ဖြင့် ယုံကြည်လက်ခံခြင်းကို “ကမ္မဿကတာ-သမ္မာဒိဠိ” ဟုခေါ်ပါသည်။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ထိုသို့ လက်ခံယုံ ကြည်နေက အမှန်ကို လက်ခံယုံကြည်ခြင်း ဖြစ်၍ အယူဝါဒ မပျက်စီးတည်နေသည် မည်သည်။ ဤကဲ့သို့ ဘုရား၊ တရား စသည်တို့ကို မယုံကြည်တော့ဘဲ အောက်ပါတို့ကို လက်ခံ ယုံကြည်ပါက ဗုဒ္ဓဘာသာဝင်အဖြစ် ပျကစီးရုံမျှမက အယူမှန်ဝါဒမှန်လည်း ပျက်စီးသည်၊ မိစ္ဆာဒိဠိဖြစ်သည် ဟူလို။

အယူဝါဒအမှန်ကို ပျက်စီးစေနိုင်သော အယူမှား (မိစ္ဆာဒိဋ္ဌိ) တို့မှာအောက်ပါ အတိုင်းဖြစ်၏----

(၁) လောက၌ ဖန်ဆင်းရှင် ရှိ၏။ မြေကြီး၊ ဟိမယဝန္တာတောင်၊ စကြာဝဠာ၊ မဟာသမုဒ္ဒရာတို့နှင့် သတ္တဝါအားလုံးကို ထိုဖန်ဆင်းရှင်က ဖန်ဆင်း၏ဟု မှားယွင်းစွာ ယူဆတတ်ကြသည်။ ယင်းသို့ ယူဆသော ဝါဒကို “ဖန်ဆင်းရှင် (ဣဿရနိမ္မာန) ဝါဒ” ဟုခေါ်ပါသည်။

(၂) လောက၌ ကုသိုလ်ကံ၊ အကုသိုလ်ကံ ဟူ၍ မရှိ။ ကောင်းမှုကို ပြုသော်လည်း ကောင်းမှုကုသိုလ် မမည်။ မကောင်းမှုကို ပြုသော်လည်း မကောင်းမှု အကုသိုလ်မမည်ဟု ယူဆတတ်ကြသည်။ ယင်းသို့ ယူဆခြင်းသည် အကြောင်းကံကို ပယ်ခြင်းဖြစ်၍ “အကိရိယဒိဋ္ဌိ” ဟုခေါ်ပါသည်။

(၃) တဖန် ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အကျိုးတရားဟူ၍ မရှိ။ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့ကို ပြုလုပ်သော်လည်း မည်သည့် ကောင်းကျိုး၊ မကောင်းကျိုးကိုမျှ မခံစားရဟု ယူဆတတ်ကြသည်။ ယင်းသို့ ယူဆခြင်းသည် အကျိုး(ဝိပါက)ကို ပယ်ခြင်းဖြစ်၍ “နိတ္တိကဒိဋ္ဌိ” ဟုခေါ်ပါသည်။

(၄) ထို့ပြင် ကုသိုလ်ကံ၊ အကုသိုလ်ကံ ဟူ၍လည်း မရှိ။ ကုသိုလ်ကံ၊ အကုသိုလ်ကံတို့၏ အကျိုးဟူ၍လည်းမရှိဟု ယူဆတတ်ကြပြန်သည်။ ယင်းသို့ယူဆခြင်းသည် အကြောင်း၊ အကျိုး နှစ်မျိုးလုံးကို ပယ်ခြင်းဖြစ်၍ “အဟေတုကဒိဋ္ဌိ” ဟုခေါ်ပါသည်။

ဤသို့ စသည်ဖြင့် အယူမှား(မိစ္ဆာဒိဋ္ဌိ) တစ်မျိုးမျိုးကို လက်ခံ ယုံကြည်လိုက်လျှင် ထိုသူ၏ မူလက ရှိနေသော အယူမှန်ဝါဒ(သမ္မာဒိဋ္ဌိ) သည် ပျက်စီးလေတော့သည်။


(ဃ) သရဏဂုံတည်ခြင်း၏အကျိုး

Posted in


သရဏဂုံ မဆောက်တည်ဘဲ သီလယူနိုင်သော်လည်း သရဏဂုံတည်ပြီးမှ ဆောက်တည်ကျင့်သုံးအပ်သော သီလသည်သာလျှင် ပိုမိုပြီး ကောင်းကျိုး ကြီးမား မြင့်မြတ်သောကြောင့် ရှေးဦးစွာ သရဏဂုံ ဆောက်တည်ပြီးမှသာ ငါးပါးသီလ၊ ရှစ်ပါးသီလ စသည်တို့ကို ဆောက်တည်ကြပါသည်။

ဥာဏ်ယှဉ်၊ မယှဉ်

စေတီ၊ ပုထိုး၊ ရုပ်ပွား၊ ဆင်းတုတော်များကို တွေ့မြင်သောအခါနှင့် ရဟန်းသံဃာတော်များကို တွေ့မြင်သောအခါ မိဘတို့က “ရှိခိုးကြ၊ ဦးချကြ”ဟု ခိုင်းသောကြောင့် ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သော ကလေးသူငယ် တို့၏ မိရိုးဖလာ သရဏဂုံသည် ဥာဏ်မယှဉ် (ဥာဏဝိပ္ပယုတ်ဖြစ်)သော သရဏဂုံဖြစ်သည်။ ဤသရဏဂုံသည်လည်း ကောင်းကျိုးရနိုင်၏။

ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး၏ ဂုဏ်တော်များကို မဖောက်မပြန် မှန်ကန်စွာပါဠိအနက် အဓိပ္ပါယ် ထင်မြင်၍ သုဂတိဘဝအဆင့်ဆင့်နှင့် နိဗ္ဗာန်တိုင်အောင် ကောင်းကျိုးရနိုင်သည်ဟု ယုံကြည်သက်ဝင်လျှက် ရတနာသုံးပါးတို့ကို ကိုးကွယ်ဆည်းကပ်သူတို့၏ သရဏဂုံသည် ဥာဏ်နှင့်ယှဉ် (ဥာဏသမ္ပယုတ်ဖြစ်) သောသရဏဂုံ ဖြစ်၏။

သရဏဂုံ၏ ကောင်းကျိုးအာနိသင်ကား လူ့ဘဝ၊ နတ်ဘဝ၏ ပြည့်စုံခြင်း လူ့စည်းစိမ်၊ နတ်စည်းစိမ်၊ ဗြဟ္မာစည်းစိမ် ချမ်းသာများနှင့် ပြည့်စုံသည့်အပြင် မဂ်၊ ဖိုလ်၊ နိဗ္ဗာန် တိုင်အောင် ကောင်းကျိုးပေးနိုင်သည်။