ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်သည့်အားလျှော်စွာ ဗုဒ္ဓဘာသာကောင်း တစ်ယောက်ဖြစ်ရန် လိုအပ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်ချက်အရ ကျွန်တော်သည် မိဘကျေးဇူးကို တတ်နိုင်သမျှပေးဆပ်ရန် အတွက်နှင့် ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒ္ဓဘာသာအကြောင်း တိကျသေချာစွာ နားလည်ရန် နှင့် ဗုဒ္ဓဘာသာကောင်းများ ဖြစ်ရန်အတွက် ရည်ရွယ်၍ ဤဘလော့ဂ်ကို ဖန်တီးခြင်းဖြစ်ပါသည်။

(ဂ) သရဏဂုံ သုံးပါး ခံယူတည်ဆောက်ပုံ

Posted in


“သရဏဂမန”ဟူသော ပါဠိပုဒ်မှ ဂမနကို ဂုံသို့ပြောင်း၍ သရဏဂုံ ဟု မြန်မာမှုပြုထားခြင်းဖြစ်၏။ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ကိုးကွယ်လဲလျောင်း ပုန်းအောင်းမှီခိုရာဟူ၍ မှီဝဲဆည်းကပ် သိမှတ်ခြင်းသည် သရဏဂုံ ဆောက်တည်ခြင်းဖြစ်၏။

“ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးသာလျှင် ကိုးကွယ်ရာ အစစ်အမှန်ဖြစ်၏” ဟုယုံကြည်သိမှတ်လျှက် ရိုသေလေးမြတ် ဆည်းကပ်လိုသော ကုသိုလ် စေတနာ (မဟာကုသိုလ်စိတ် စေတသိက် နာမ် ခန္တာအပေါင်း)ကို “သရဏဂုံ” ဟုခေါ်၏။

ကိုးကွယ်မှုအားဖြင့်-----

၁။ ဘုရားကိုးကွယ်မှု၊

၂။ တရားကိုးကွယ်မှု၊

၃။ သံဃာကိုးကွယ်မှု၊

ဟူ၍ သုံးပါးရှိပါသည်။ ဤသုံးပါးကိုပင် “သရဏဂုံ သုံးပါး” ဟုခေါ်ခြင်းဖြစ်၏။

မိမိသန္တာန်၌ ရတနာသုံးပါးကို ယုံကြည်သိမှတ် ဆည်းကပ်ကိုးကွယ်လိုသော စိတ် စေတနာ (မဟာကုသိုလ်စိတ် စေတသိက် နာမ် ခန္တာအပေါင်း) ဖြစ်နေကြောင်းကို ထင်းရှားပြဖို့ရာ ဝန်ခံကတိပေးသောအားဖြင့် အထက်ပါ ဖေါ်ပြထားသည့်အတိုင်း “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသော ပါဠိစကားကို သုံးကြိမ် ပြည့်အောင် ရွတ်ဆိုခြင်းသည် သရဏဂုံဆောက်တည်ခြင်း ဖြစ်၏။ နှုတ်ဖြင့် ရွတ်ဆိုရမည်။ စိတ်ကူးရုံမျှဖြင့် ဆောက်တည်ရာမရောက်။

လူဝတ်ကြောင်များ အနေဖြင့် ပါဠိဘာသာ မဟုတ်သော်လည်း မိမိတို့ ကျွမ်းကျင်သော ဘာသာစကားဖြင့် “ဘုရားကို ကိုးကွယ်ဆည်းကပ်ပါ၏။” ဟူသော အဓိပ္ပါယ်သက်ဝင်အောင် လေးနက်ယုံကြည်စွာ သရဏဂုံဆောက်တည် နိုင်ပါသည်။

ဗုဒ္ဓဘာသာဝင်ဖြစ်သူသည် ရဟန်းတော် တစ်ပါးပါး၏ ရှေ့မျက်မှောက်တွင် ရိုသေစွာ ထိုင်ရှိခိုး၍ သြကာသဖြင့် ကန်တော့ပြီးမှ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည်ဖြင့် ပီသစွာ ရွတ်ဆိုလျှက် သရဏဂုံကို ဆောက်တည်ရမည်။ သုံးကြိမ် ပြည့်အောင် ပီသစွာ ရွတ်ဆိုဆောက်တည် ရမည်။

ရဟန်းသံဃာမရှိသော နေရာရောက်နေပါက ရုပ်ပွား၊ ဆင်းတု၊ စေတီတော်တို့၏ရှေ့တွင် ရိုသေစွာ ထိုင်ရှိခိုးလျှက် သြကာသဖြင့် ကန်တော့ပြီးမှ သရဏဂုံ ဆောက်တည်ရမည်။

“အဇ္ဇတဂ္ဂေ ပါဏုပေတံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသည်ဖြင့်လည်း ဆောက်တည်နိုင်ပါသည်။ “အဇ္ဇတဂ္ဂေ ပါဏုပေတံ၊ ယနေ့မှစ၍ အသက်ဆုံးတိုင်အောင်” ဟုအနက်ပေးပါ။

This entry was posted on Monday, November 9, 2009 at 11:26 PM and is filed under . You can follow any responses to this entry through the comments feed .

0 comments

Post a Comment