ဗုဒ္ဓမြတ်စွာဘုရား ပွင့်ထွန်းတော်မူလာပြီးနောက် မကိုးကွယ်ရာနှင့် ကိုးကွယ်ရာကို ခွဲခြား၍ ဟောကြား ညွှန်ပြခဲ့ပါသည်။ မြတ်ဗုဒ္ဓ ဟောကြားမိန့်ခဲ့သည်မှာ-------
နေတံ ခေါ သရဏံ ခေမံ၊ နေတံ သရဏ မုတ္တမံ။
နေတံ သရဏ မာဂမ္မ၊ သဗ္ဗဒုက္ခာ ပမုစ္စတိ။
“ဤတော တောင် အာရာမ် အဓိကရသစ်ပင် စသော ကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်း မဟုတ်၊ မြတ်သော ကိုးကွယ်ခြင်း မဟုတ်၊ ဤကိုးကွယ်ရာဟူ သမျှကို ကိုးကွယ် ဆည်းကပ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်”--- ဟူ၍ ဖြစ်ပါသည်။
ဤကဲ့သို့ ရှင်းလင်းထင်ရှားစွာ ဟောကြားခဲ့သည့် တရားတော်အရ မကိုးကွယ်ရာကို သိရှိနာကြားရပါသည်။
ကိုးကွယ်ရာနှင့် ပတ်သက်၍လည်း မြတ်စွာဘုရားသည်-----
ယော စ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော။
စတ္တာရိ အရိယသစ္စာနိ၊ သမ္မညာယ ပဿတိ။
ဒုက္ခံ ဒုက္ခသမုပ္ပါဒံ၊ ဒုက္ခဿ စ အတိက္ကမံ၊
အရိယံ စဋ္ဌင်္ဂိကံ မဂ္ဂံ၊ ဒုက္ခူပသမဂါမိနံ။
အကြင်သူသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကို လည်းကောင်း၊ သံဃာတော်ကိုလည်းကောင်း ကိုးကွယ်ဆည်းကပ်၏။ ထိုသူသည် ဆင်းရဲအမှန် “ဒုက္ခသစ္စာ”၊ ဆင်းရဲခြင်း၏ အကြောင်းအရင်း အမှန် “သမုဒယသစ္စာ”၊ ဆင်းရဲလွတ်မြောက်ရာ အမှန် “နိယောဓသစ္စာ”၊ ဆင်းရဲငြိမ်ရာ “နိဗ္ဗာန်” သို့ ရောက်ကြောင်းအမှန်၊ “အင်္ဂါရှစ်ပါးရှိသော မြတ်သော မဂ္ဂသစ္စာ” ဟူသော အရိယသစ္စာ လေးပါးတို့ကို မဂ်ပညာဖြင့် ကောင်းစွာမြင်နိုင်၏---- ဟူ၍ အကျယ်တဝင့် ဟောကြားညွှန်ပြတော်မူခဲ့သည်။