လူ့သမိုင်းဆရာတို့၏ အဆိုအရ လူသည် ခြေသလုံးအိမ်တိုင်ဘဝမှ တဖြည်းဖြည်းချင်း ယဉ်ကျေးလာပြီး အစုအသင်းနှင့် နေတတ်လာသူများဖြစ်သည်ဟု သိရ၏။ မည်သို့ပင်ဖြစ်စေ လူသည် ကြောက်တတ်မှုနှင့် ရလိုမှု သဘောတရား များဖြင့် ဖွဲ့စည်းထားသော သဏ္ဌာန်တစ်ခုသာဖြစ်ကြောင်း ထင်ရှား၏။
လူ့လောကကြီးတွင်လည်း ကြောက်စရာ အမြောက်အများ ရှိသည့်နည်းတူ ရယူချင်စရာများနှင့်လည်း ပြည့်နှက်လျက် ရှိနေပါသည်။ ဒီရေတက်ခြင်း၊ မီးကြီးလောင်ခြင်း၊ လေမုန်တိုင်းကျခြင်း၊ စသော သြကာသလောက၏ ဘေးအန္တရာယ်များ၊ မြွေဘေး၊ သစ်၊ ကျား၊ ဆင်ရိုင်းဘေး၊ မချစ်မနှစ်သက်သူဘေး စသော သတ္တဝါ လောက၏ ရန်ပြုမှုများနှင့် နာဖျား မကျန်းမမာ၊ အိုနာသေရ ဘေးဒုက္ခများ၏ နှိပ်စက်ကလူပြုမူကို လူသားသည် အလူးအလဲ ခံနေရသည်သာ ဖြစ်၏။ ဤသို့သော ဘဝဒုက္ခ အန္တရာယ်များ၏ လှုံ့ဆော်ဖန်တီးမှုကြောင့် လူသားသည် ကြောက်တတ်လာ၏။ ထိုဘေးဆိုး၊ ဒုက္ခဆိုးတို့မှ ကင်းငြိမ်းမှုကို လိုလားကြသည်။ ကိုးကွယ်ရာကို ရှာဖွေလာကြသည်။
ဤအချက်နှင့် ပတ်သက်၍-----
ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ဝနာနိ စ။
အာရာမရုက္ခစေတျာနိ၊ မနုဿာ ဘယတဇ္ဇိတာ။
“ဘေးရန် အန္တရာယ် အမျိုးမျိုးကို စိုးရွံ့ထိတ်လန့်နေကြကုန်သော လူတို့သည် တောင်တို့ကို လည်းကောင်း၊ တောတို့ကိုလည်းကောင်း၊ အာရာမ်တို့ကို လည်းကောင်း၊ အဓိကရသစ်ပင် စသော ကိုးကွယ်ရာတို့ကို လည်းကောင်း ကိုးကွယ် ကြကုန်၏” ဟု မြတ်ဗုဒ္ဓ ဟောကြားခဲ့၏။
ပင်လယ်သမုဒ္ဒရာတို့၌ အသက်မွေးမှု ပြုကြသူတို့သည် သမုဒ္ဒရာစောင့်နတ်များကို ကိုးစားကြသည့် နည်းတူ တောရပ်ဒေသ၌ လုပ်ကိုင်စားသောက်ကြသူ တို့လည်း တောတောင်ဥယျာဉ် စသည်တို့ကို ပူဇော်ပသကြသည်။ ထို့ပြင် ကောက်ပင်စိုက်ပျိုး အောင်မြင်လိုမှု အတွက် မိုးနတ် စသည်တို့ကို ပ-သ ကြ၏။ သားဆုပန်ရန် တောစိုးသစ်ပင်ကြီးများ၌ ရှိမည်ထင်သော နတ်တို့ကို တင်မြှောက်ကြသည်။
ဤသည်တို့မှာ ထိုစဉ်က ကမ္ဘာ့လူသား အားလုံးလိုလိုနှင့် သက်ဆိုင်သော ကိုးကွယ်မှုများဖြစ်သည်။ ကိုးကွယ်မှု အစ၊ ကိုးကွယ်မှု၏ အဓိပ္ပါယ်ဟု ဖော်ပြအပ်ပါသည်။