ကျွန်တော်သည် ဗုဒ္ဓဘာသာဝင် တစ်ယောက်ဖြစ်ပါသည်။ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်သည့်အားလျှော်စွာ ဗုဒ္ဓဘာသာကောင်း တစ်ယောက်ဖြစ်ရန် လိုအပ်ပါသည်။ ဗုဒ္ဓဘာသာဝင်တို့၏ ယုံကြည်ချက်အရ ကျွန်တော်သည် မိဘကျေးဇူးကို တတ်နိုင်သမျှပေးဆပ်ရန် အတွက်နှင့် ဗုဒ္ဓဘာသာဝင်တိုင်း ဗုဒ္ဓဘာသာအကြောင်း တိကျသေချာစွာ နားလည်ရန် နှင့် ဗုဒ္ဓဘာသာကောင်းများ ဖြစ်ရန်အတွက် ရည်ရွယ်၍ ဤဘလော့ဂ်ကို ဖန်တီးခြင်းဖြစ်ပါသည်။

ကိုးကွယ်ရာ ရတနာ သုံးပါး

Posted in

(က) ဗုဒ္ဓရတနာ

ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ဗုဒ္ဓရတနာ၊ ဓမ္မရတနာနှင့် သံဃာရတနာ တည်းဟူသော ရတနာသုံးပါးကို ကိုးကွယ်ရမည် ဖြစ်ပါသည်၊ သတ္တဝါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးတတ်သောကြောင့် ဗုဒ္ဓ၊ ဓမ္မနှင့် သံဃာတည်းဟူသော ရတနာသုံးပါးကို သရဏ ဟူ၍လည်းခေါ်ဝေါ်ပါသည်။

မြတ်ဗုဒ္ဓကို ကိုးကွယ်ပူဇော်ရခြင်းမှာ ဗုဒ္ဓရှင်တော်ဘုရားသည် သတ္တဝါတို့ကို ကြီးပွားချမ်းသာကြောင်း နည်းလမ်း၌ ဖြစ်စေခြင်း၊ မကြီးပွား မချမ်းသာကြောင်း မကောင်းသော နည်းလမ်းမှ ဆုတ်နစ်စေခြင်းနှင့် အပြစ်ဒေါသ အလုံးစုံ ကင်းစင်၍ ဂုဏ်ကျေးဇူးအလုံးစုံနှင့် ပြည့်စုံစေခြင်းတို့ကြောင့်ပင် ဖြစ်သည်။

(ခ) ဓမ္မရတနာ

ဓမ္မရတနာတည်းဟူသော ဘုရား၏ တရားတော်ကို ကိုးကွယ်ရခြင်းမှာ တရားတော်ကို ကျင့်ကြံလိုက်နာသူတို့ကို ဘဝသံသရာခရီးခဲမှ ထုတ်ဆွဲကယ်တင်ခြင်း၊ တရားကျင့်တုန်းအခိုက်နှင့် ကျင့်ပြီးနောက်ကာလတို့၌လည်း သက်သာမှုကို ပေးစေခြင်းဖြင့် သတ္တဝါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက်ဆီးစေနိုင်ခြင်း ကြောင့် ဖြစ်ပါသည်။

(ဂ) သံဃာရတနာ

သံဃာတော်ကို ကိုးကွယ်ရခြင်းမှာ အနည်းငယ်မှသော ကောင်းမှုကုသိုလ်တို့ကို ကြီးကျယ်ဖွံ့ဖြိုး အကျိုးများစေရန်ပြုခြင်းဖြင့် သံဃာတော်များသည် သတ္တဝါတို့၏ ဘေးဒုက္ခကို ပယ်ဖျောက်ဖျက် ဆီးနိုင်ခြင်းကြောင့် ဖြစ်ပါသည်။

ထိုရတနာသုံးပါးအား ကြည်ညိုလေးစား ကိုးကွယ်ဆည်းကပ်သောသူကို သရဏဂုံ တည်သူဟု ခေါ်ပါသည်။ ထိုသူသည် ကောင်းမြတ်သော ဘဝသို့ ရောက်ရမည်ဖြစ်သည့်ပြင် အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ အခြွေအရံ ပေါများခြင်း စသော အကျိုးများကို ရရှိမည်ဖြစ်ပေသည်။

This entry was posted on Friday, October 23, 2009 at 9:11 PM and is filed under . You can follow any responses to this entry through the comments feed .

0 comments

Post a Comment