(၁) ဗုဒ္ဓဂုဏော အနန္တော
(၂) ဓမ္မဂုဏော အနန္တော
(၃) သံဃဂုဏော အနန္တော
(၄) မာတာပိတုဂုဏော အနန္တော
(၅) အာစရိယဂုဏော အနန္တော
ဗုဒ္ဓဂုဏော - မြတ်စွာဘုရား၏ ဂုဏ်တော်ကျေးဇူးတော်သည်၊
အနန္တော - အဆုံးမရှိ ကျယ်ဝန်းလှ၏။
ဓမ္မဂုဏော - တရားတော်၏ ဂုဏ်တော်ကျေးဇူးတော်သည်၊
အနန္တော - အဆုံးမရှိ ကျယ်ဝန်းလှ၏။
သံဃဂုဏော - သံဃာတော်မြတ်၏ ဂုဏ်တော်ကျေးဇူးတော်သည်၊
အနန္တော - အဆုံးမရှိ ကျယ်ဝန်းလှ၏။
မာတာပိတုဂုဏော - အမိအဖတို့၏ ဂုဏ်တော်ကျေးဇူးတော်သည်၊
အနန္တော - အဆုံးမရှိ ကျယ်ဝန်းလှ၏။
အာစရိယဂုဏော - ဆရာသမားတို့၏ ဂုဏ်တော်ကျေးဇူးတော်သည်၊
အနန္တော - အဆုံးမရှိ ကျယ်ဝန်းလှ၏။
ဘုရား၊ တရား၊ သံဃာ ရတနာ(၃)ပါးနှင့် မိဘဆရာသမားတို့၏ ဂုဏ်တော်ကျေးဇူးတော်တို့သည် အဆုံးမရှိ ကျယ်ဝန်းကြီးမား များပြားလှပေသည်။
ဗုဒ္ဓဂုဏော အနန္တော
ဗုဒ္ဓမြတ်စွာဘုရားသည် သံသရာဝဋ္ဋ်ဆင်းရဲအတွင်း၌ ဒုက္ခမျိုးစုံနှင့် တွေ့ကြုံခံစားနေရသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို ထိုသံသရာဝဋ္ဋ်ဆင်းရဲအတွင်းမှ ထုတ်ဆောင်ကယ်တင်၍ ရာဂဒေါသစသော တစ်ဆယ့်တစ်သီးသော မီးတို့၏ ငြိမ်းအေးရာဖြစ်သော (သို့မဟုတ်) သံသရာဝဋ္ဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်ရာ ဖြစ်သော နိဗ္ဗာန်သို့ပို့ဆောင်ကယ်တင်မူပေသည်။ ဤသို့ ဗုဒ္ဓမြတ်စွာသည် သံသရာတွင် ကျင်လည်နေကြရသော သတ္တဝါအပေါင်းကို ဝဋ္ဋ်ဆင်းရဲမှ ကယ်တင်၍ ချမ်းသာရာနိဗ္ဗါန်သို့ ပို့ဆောင်တတ်သော ကြောင့် ချမ်းသာရာနိဗ္ဗါန်သို့ ပို့ဆောင်တတ်သောကြောင့် သတ္တဝါအားလုံးတို့၏ အတိုင်းမသိသော ကျေးဇူးရှင် ဖြစ်ပါသည်။
ဓမ္မဂုဏော အနန္တော
သံသရာ၏ အရင်းအမြစ်ဖြစ်သော အဝိဇ္ဇာ(မောဟ) အမိုက် အမှောင်နှင့် တဏှာသံယောဇဉ်တို့သည် သတ္တဝါတို့ကို သံသရာ၌ နစ်မွန်းအောင်ပြုလုပ်လျက် ဖွဲ့နှောင်ထားကြသည်။ တရားတော်သည် မိမိတရားတော်ကို ကျင့်ကြံအားထုတ်သော သတ္တဝါတို့ကို ထိုသို့ အမိုက်အမှောင်အတွင်း၌ နစ်မွန်းအောင် ပြုလုပ်တတ်သော အဝိဇ္ဇာနှင့်တဏှာတို့ကို ရှင်းလင်းသုတ်သင်လျှက် သတ္တဝါအားလုံးတို့အဖို့ ဆပ်၍မကုန်လောက်အောင် ကျေးဇူးများပါသည်။
သံဃဂုဏော အနန္တော
အရိယာသံဃာတော်မြတ်သည် လောဘ၊ ဒေါသ စသော ကိလေသာတရားကို ကင်းရှင်း၍ မဂ်ဖိုလ်နိဗ္ဗာန်တည်းတ ဟူသော တရားတော်မြတ်တို့နှင့်သာ ပျော်မွေ့နေကြသဖြင့် သတ္တဝါများ၏ ကုသိုလ်ကောင်းမှု စိုက်ပျိုးရာလယ်ယာ မြေကောင်းသဖွယ် ဖြစ်ပေသည်။ ထိုသို့ အရိယာသံဃာတော်များကို ကိုးကွယ်ဆည်းကပ် လုပ်ကျွေးခြင်းဖြင့် ကုသိုလ်ကောင်းမှုများစွာ ဖြစ်ထွန်း၍ ကောင်းကျိုး ချမ်းသာ ခံစားကြရသည်။ သို့ဖြစ်၍ အရိယာသံဃာတော်များသည် သတ္တဝါ တို့၏ အတိုင်းမသိသော် ကျေးဇူးရှင်များ ဖြစ်ပါသည်။ အရိယာနွယ်ဝင် ပုထုဇဉ်သံဃာတော်များသည်လည်း ဗုဒ္ဓရှင်တော်မြတ် ဟောကြားထားရစ်ခဲ့သော တရားတော်များကို သတ္တဝါ တို့အား လူနတ်နိဗ္ဗါန် သုံးတန်ချမ်းသာကို လမ်းညွှန်သည့်အနေဖြင့် ဟောပြောပြသကြသောကြောင့် သတ္တဝါများစွာတို့၏ အတိုင်းမသိသော ကျေးဇူးရှင်များပင်ဖြစ်ပါသည်။
မာတာပိတုဂုဏော အနန္တော
မိခင်သည် ကာလရေကြည် တည်သည့်အချိန်မှ စ၍ သားသမီးအပေါ် ချစ်ခြင်းမေတ္တာဖြင့် သန္ဓေသားကို ယုယစွာ ထိန်းသိမ်းစောင့်ရှောင့်ခဲ့ရသည်။ အချို အချဉ် အစပ် အခါး အစရှိသည့် မသင့်မြတ်သော အစားအစာများကို ရှောင်ကြဉ်ခဲ့ရသည်။ အချန်စေ့၍ ဖွားမြင်လာသောအခါတွင်လည်း ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ် အရွယ်မှစ၍ လူလားမြောက်သည့် အရွယ်အထိ ပိုးမွေးသလို မွေးမြူခဲ့ရသည်။ ထို့အတူ ဖခင်အနေဖြင့်လည်း သားသမီးများ၏ ကျန်းမာပျော်ရွှင်ရေး၊ စားဝတ်နေရး၊ ပညာရေး အစရှိသည့် လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့သည်။
မိဘနှစ်ဦးတို့သည် သားသမီးများ အရွယ်ရောက်လာသည့် အခါတွင်လည်း “မကောင်းမြစ်တာ၊ ကောင်းရာညွှန်လတ်၊ အတတ်သင်စေ၊ ပေးဝေနှီးရင်း၊ ထိမ်းမြားခြင်းလျှင်၊ ဝတ်ငါးအင်၊ ဖခင်မယ်တို့တာ” ဟူသည်နှင့် အညီ မိဘတို့၏ ဝတ္တရားများကို ပြည့်စုံအောင် ဆောင်ရွက်ပေးကြရသည်။ ထို့ပြင် “လက်ဦးဆရာ၊ မည်ထိုက်စွာ၊ ပုဗ္ဗစရိယ၊ မိနှင့်ဘ” ဆိုသည့်အတိုင်း သားသမီးတို့အပေါ် ကျေးဇူးကြီးမားပုံမှာ စာဖွဲ့၍ မကုန်နိုင်လောက်အောင် များပြားလှသဖြင့် “မိဘကျေးဇူး၊ မြင်းမိုရ်ဦး၊ အထူးသိလျှက် အဆပ်ခက်” ဟုပင်ဆိုရိုးပြုခဲ့ရသည်။ ကျွန်ုပ်တို့ မြတ်ဗုဒ္ဓကိုယ်တော်တိုင်ပင် အမိ၏ ကျေးဇူးကို ဆပ်ရာတွင် နို့တစ်လုံးဖိုးမျှသာ ကျေသည်ဟု ကျမ်းဂန်စကား မှာထားချက်များ ရှိပေသည်။ ဤသို့ဖြင့် မိဘတို့သည် သားသမီးတို့ အပေါ် များစွာကျေးဇူးကြီးမားလှပေသည်။
အာစရိယဂုဏော အနန္တော
တပည့်တို့၏ အကျိုးကျေးဇူးတို့ကို ကျင့်ဆောင်တတ်သောကြောင့် ဆရာဟုခေါ်ဆိုရကြောင်း အဓိပ္ပါယ်ဖွင့်ဆိုချက်နှင့် အညီ ဆရာသည် တပည့်သားတို့ အပေါ် မေတ္တာစေတနာ အရင်းခံထား၍ မလိမ္မာ မယဉ်ကျေးသည်ကို လိမ္မာယဉ်ကျေးလာစေရန်လည်းကောင်း၊ မကောင်းသောအမှုကို ရှောင်ကြဉ်စေ၍ ကောင်းသောအမှုကို ပြုလုပ်စေရန်လည်းကောင်း ချိုသစွာ ဆုံးမ သွန်သင်ပြသကြသည်။ ထို့ပြင် “အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့၊ ဆရာတို့။ ကျင့်ဖို့ဝတ်ငါးဖြာ” ဟူသည်နှင့် အညီ ဆရာ့ကျင့်ဝတ်များကို ပြည့်စုံစွာ ဆောင်ရွက်ပေးကြပါသည်။ ဤသို့အားဖြင့် ဆရာတို့သည် တပည့်များ၏ အနန္တကျေးဇူးရှင်များ စာရင်းတွင် ပါဝင်ပါသည်။