ကျွန်တော်တို့ မြန်မာလူမျိုး အများစုဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပါတယ်။ လူအများစု (အများအားဖြင့် ခေတ်လူငယ်) ဟာ “ဗုဒ္ဓဘာသာဝင်” ဆိုတာရဲ့ အနက်အဓိပ္ပါယ်ကို သေသေချာချာ နားမလည်ကြတာကို တွေ့ရတဲ့အတွက် ဒီနေရာကနေပဲ ကျွန်တော် လေ့လာမှတ်သားခဲ့တဲ့ “ဗုဒ္ဓဘာသာဝင်” ဆိုတာရဲ့ အနက်အဓိပ္ပါယ်ကို ရှင်းလင်းဖော်ပြလိုက်ပါတယ်။
“ဗုဒ္ဓဘာသာဝင်” ဆိုတာကို စကားလုံးအနေဖြင့် ဗုဒ္ဓ၊ ဘာသာ၊ ဝင် ဆို ၍ ၃ပိုင်း ပိုင်းခြားလို့ရပါတယ်။ “ဗုဒ္ဓ”၏အနက်အဓိပ္ပါယ်မှာ ကျွန်တော်တို့ ယခုကိုးကွယ်နေသော “ဘုရား”၊ “ဘာသာ”၏ အနက်အဓိပ္ပါယ်မှာ “စကား” တနည်းအားဖြင့် “အယူဝါဒ”၊ “ဝင်”၏ အနက်အဓိပ္ပါယ်မှာ “နားဝင်ခြင်း၊ နားထောင်ခြင်း” တနည်းအားဖြင့် “ဆည်းကပ်ခြင်း” ဖြစ်ပါတယ်။ အားလုံးကို ခြုံငုံ၍ အဓိပ္ပါယ် ပြန်ဆိုကြည့်သော် “ဘုရား၏ စကားကို နားထောင်ခြင်း” တနည်းအားဖြင့် “ဘုရား၏ အယူဝါဒကို ဆည်းကပ်ခြင်း” လို့ ဆိုလိုပါတယ်။
အဖေ၊အမေ၊ အုပ်ထိန်းသူက ဗုဒ္ဓဘာသာဝင် မို့လို့ကျွန်တော်ကလဲ ဗုဒ္ဓဘာသာ ဆိုတာမျိုး မဖြစ်စေချင်ပါဘူး။ ဘာသာစကားဆိုတာ လူမျိုးတိုင်းမှာ ရှိပါတယ်။ ဘာသာတရားတိုင်းကို စာအုပ်ဖတ်ရုံ၊ တရားနာရုံ နဲ့ တင်သိနိုင်ပါတယ်။ ဗုဒ္ဓဘာသာ ဆိုတာ “ဘုရားရဲ့ အယူဝါဒ၊ ဘုရားရဲ့ စကား” ပဲရှိပါသေးတယ်။ ဗုဒ္ဓဘာသာဝင် ဆိုတာ---
ယောစ ဗုဒ္ဓဉ္စ ဓမ္မဉ္စ၊ သံဃဉ္စ သရဏံ ဂတော။
ယောစ၊ အကြင်သူသည်ကား။ ဗုဒ္ဓဉ္စ၊ မြတ်စွာဘုရားကို လည်းကောင်း။ ဓမ္မဉ္စ၊ တရားတော်မြတ်ကို လည်းကောင်း။ သံဃဉ္စ၊ သံဃာတော်အသျှင်သူမြတ်တို့ကို လည်းကောင်း။ သရဏံ၊ ကိုးကွယ်လဲလျှောင်း ပုန်းအောင်းမှီခိုရာဟူ၍။ ဂတော၊ ဆည်းကပ်၏။
သင်သည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်မြတ်ကိုလည်းကောင်း၊ သံဃာတော်အသျှင်သူမြတ်တို့ကိုလည်းကောင်း၊ ကိုးကွယ်လဲလျှောင်း ပုန်းအောင်းမှီခိုရာဟူ၍ ဆည်းကပ် မှသာလျှင် ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်ပါသည်။