ဂေါတမ မြတ်စွာဘုရား၏ ဗုဒ္ဓဝင်အကျဉ်းချုပ်
၁။ ဂေါတမ ဘုရားအလောင်းတော်သည် ဤဘဒ္ဒကမ္ဘာမှ ပြန်၍ ရေတွက်သည် ရှိသော် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းထက် ၌ သူမေဓါရသေ့ ဖြစ်ခဲ့လေသည်။
၂။ သုမေဓါရှင်ရသေ့သည် ဒိပင်္ကရာမြတ်စွာဘုရား ခြေတော်ရင်း၌ ကိုယ်တော်တစ်ဦးတည်း နိဗ္ဗာန်ချမ်းသာကို ရယူနိုင်သော်လည်း သြဃလေးဖြာ သံသရာ၌ နစ်မွန်းမျောပါးကုန်သော ဝေနေယျသတ္တဝါ အပေါင်းတို့ကို သနားကြင်နာတော်မူလှသဖြင့် ယူတော်မမူခဲ့ပေ။
၃။ သုမေဓါရှင်ရသေ့ဘဝမှ ဝေဿန္တရာမင်း ဘဝတိုင်အောင် မရေမတွက်နိုင်သော ဘဝများစွာတို့၌
(၁) ရွှေ၊ ငွေ၊ ဆင်၊ မြင်း အစရှိသည်ကို လှူခြင်း ဒါနပါရမီ၊
(၂) ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည်ကို လှူခြင်း ဒါနပါရမီ၊
(၃) ကိုယ်အသက်ကို လှူခြင်း ဒါနပရမတ္ထပါရမီ-------
အစရှိသော ပါရမီသုံးဆယ်တို့ကို ဖြည့်ကျင့်တော်မူခဲ့လေသည်။
၎။ ထို့ပြင် အလွန် စွန့်နိုင်ခဲစွာသော-----
(၁)ပဒေသရာဇ်၊ ဧကရာဇ်၊ စကြာမင်းတို့၏ စည်းစိမ်ဥစ္စာရတနာကို စွန့်ခြင်း ဓနပရိစ္စာဂ၊
(၂)သားသမီးကို စွန့်ခြင်း ပုတ္တပရိစ္စာဂ၊
(၃) မယားကိုစွန့်ခြင်း ဘဂရိယပရိစ္စာဂ၊
(၄) ခြေ၊ လက်၊ နား၊ နှာခေါင်း အစရှိသည့် အင်္ဂါကြီးငယ်ကို စွန့်ခြင်း အင်္ဂပရိစ္စာဂ၊
(၅) ကိုယ်အသက်ကို စွန့်ခြင်း ဇီဝိတပရိစ္စာဂ-----
ဟုဆိုအပ်ကာ စွန့်ခြင်းကြီးငါးပါးကို ဖြည့်စွန့်တော်မူခဲ့လေသည်။
၅။ ဤသို့ ဘဝများ သံသရာကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့် တော်မူခဲ့ပြီးနောက် ဘုရားအလောင်းတော်သည် တုသိတာ နတ်ပြည်၌ သေတကေတု မည်သော နတ်သားဖြစ်ခဲ့လေသည်။ နတ်သားဖြစ်စဉ် စင်္ကြာဝဠာ တိုက်တစ်သောင်းမှ နတ်ဗြဟ္မာ အပေါင်းတို့က “ဘုးရားဖြစ်ချိန်တန်ပါပြီ၊ လူ့ပြည်သို့ဆင်း၍ ဘုရားဖြစ်တော်မူပါ” ဟုဘုရားအလောင်းတော်ကို တောင်းပန်လေသည်။
၆။ သို့ဖြစ်၍ ဘုရားအလောင်းတော် သေတကေတုနတ်သားသည်---
(၁) ကာလ = ဘုရားဖြစ်ရာ အချိန်ကာလ၊
(၂) ဒီပ = ဘုရားဖြစ်ရာ ကျွန်းအရပ်၊
(၃) ဒေသ = ဘုရားဖြစ်ရာ အရပ်ဒေသ၊
(၄) ကုလ = ဘုရားဖြစ်ရာ အမျိုးအနွယ်၊
(၅) မာတုအာယုပရိစ္ဆေဒ = ဘုရားအလောင်းတော်၏ မယ်တော် ဖြစ်မည့်သူ၏ သက်တမ်းအပိုင်းအခြား
ဟူသော ကြည့်ခြင်းကြီး ငါးပါးတို့ကို ကြည့်ရှုတော်မူလေသည်။
၇။ ယင်းသို့ ကြည့်ရှုတော်မူပြီး နတ်အဖြစ်မှ စုတေကာ မဟာသက္ကရာဇ် ၆၇-ခု၊ ဝါဆိုလပြည့် ကြာသာပတေးနေ့၌ ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီး၏ တောင်ညာဒေဝီမိဖုရားကြီး မယ်တော်မာယာဝမ်း၌ ပဋ္ဋိသန္ဓေ တည်နေလေသည်။
၈။ ဘုရား အလောင်းတော်သည် မဟာသက္ကရာဇ် ၆၈-ခု၊ ကဆုန်လပြည့်သောကြာနေ့ဝယ် ဒေဝဒဟပြည်နှင့် ကပိလဝတ်ပြည်၏ အကြားရှိလုမ္ဗနီသာမော အင်ကြင်းတော၌ မယ်တော်မာယာ ဝမ်းမှမီးရှုးသန့်စင် ဖွားမြင်တော်မူလေသည်။
၉။ ဘုရားအလောင်းတော်သည် ၁၆-နှစ်အရွယ် ရောက်သောအခါ ယသော်ဓရာ မင်းသမီးနှင့် ထိမ်းမြားလက်ထပ်၍ မင်းစည်းစိမ်ကို ခံစားလေသည်။
၁၀။ ၂၉-နှစ်အရွယ် ရောက်သောအခါ သူအို၊ သူနာ၊ သူသေ၊ ရဟန်းဟူသောနိမိတ်ကြီး လေးပါးကို မြင်တော်မူသဖြင့် တောထွက်၍ ရဟန်းပြုလေသည်။
၁၁။ ဘုရားအလောင်းတော်သည် အလွန်ပြုနိုင်ခဲသော ဒုက္ကရစရိယာ အကျင့်ကို ရဟန်းအဖြစ်နှင့် ၆-နှစ်ပတ်လုံး ကျင့်တော်မူခဲ့လေသည်။
၁၂။ ထို့နောက် ဘုရားအလောင်းတော်သည် သုဇတာမည်သော သေဌေးသမီး လှူဒါန်းအပ်သော နို့ဃနာဆွမ်းကို အဇပါလညောင်ပင်ရင်း၌ အလှူခံဘုဉ်းပေးပြီး မဟာဗောဓိပင်သို့ ကြွသွားတော်မူလေသည်။
၁၃။ သုဒ္ဓိယငစင် မြက်ထမ်းသမား (မြက်ရိပ်လုလင်) သည် မဟာဗောဓိပင်သို့ ကြွလာသော ဘုရားအလောင်းတော်အား မြက်ရှစ်ဆုပ်ကို လှူဒါန်းလေသည်။
၁၄။ ဘုရားအလောင်းတော်သည် သုဒ္ဓိယငစင်လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်ကို ကြဲဖြန့်လိုက်သောအခါ ထိုခဏဝယ် မြက်ရှစ်ဆုပ်သည် မဟာဗောဓိ ပင်ရင်း၌ အပရာဇိတပလ္လင် ဖြစ်လာလေသည်။ (ထိုမြက်တို့သည် မြက်ရိပ်အသွင် သဏ္ဌာန်ဖြင့် မတည်ကြကုန်)။
၁၅။ ဘုရားအလောင်းတော်သည် ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူစဉ် နေမဝင်မီ ဒေဝပုတ္တမါရ် (မာနတ်ရန်)ကို အောင်မြင်တော်မူ၍ ညဉ့်ဦးယာမ်၌ ရှေးကနေခဲ့(ဖြစ်ခဲ့)ဘူးသော ခန္တာစဉ်ကို အောက်မေ့တတ်သိတတ်သော “ပုဗ္ဗေနိဝါသာနုဿတိဥာဏ်” ကိုရတော်မူလေသည်။ သန်းခေါင်ယာမ်၌ နတ်တို့၏ မျက်စိနှင့်တူသော စုတေခါနီးသော သတ္တဝါစသည်တို့ကို မြင်တတ်သော “ဒိဗ္ဗစက္ခုဥာဏ်”ကို ရတော်မူလေသည်။
မိုးသောက်ယာမ်၌ အာအဝေါတရားလေးပါးတို့၏ကုန်ခြင်းကို ပြုတတ်သော “အာသဝက္ခယဥာဏ်” ကိုရတော်မူ၍ အသက်(၃၅)နှစ်အရွယ် မဟာသက္ကရာဇ်၁၀၃-ခု၊ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ မိုးသောက်ယာမ် အချိန်ဝယ် လောကသုံးပါးတွင် အတုမရှိသော သဗ္ဗညှူဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။
၁၆။ သုံးလူ့သခင် သဗ္ဗညူဘုရားရှင်သည် ၄၅-ဝါ ကာလပါတ်လုံး ဝေနေယျ သတ္တဝါတို့အား ဓမ္မစင်္ကြာစသည့်တရားတို့ကို ဟောပြတော်မူကာ လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါတို့၏ အကျိုးစီးပွားကို ဆောင်ရွက်တော်မူလဲ့လေသည်။
၁၇။ ၄၅-ဝါ ကာလပတ်လုံး သတ္တဝါတို့၏ အကျိုးစီးပွားကို မနားမနေဆောင်ရွက်တော်မူခဲ့သော သဗ္ဗညူဘုရားရှင်သည် သက်တော်(၈၀)အရွယ် ရောက်သောအခါ မဟာသက္ကရာဇ် ၁၄၈-ခု ကဆုန်လပြည့် အင်္ဂါနေ့ဝယ် ကုသိနာရုံပြည် မလ္လာမင်းတို့၏ ဥယျာဉ်၌ ပရိနိဗ္ဗါန် ဝင်စံတော်မူလေသည်။